Saturday, February 19, 2011

မျက်ရည်ကျလို့ယောကျာ်း မဟုတ်ရင် (သို့) ဒေလီအလွမ်း


ညီမလေးရေ----အများသူငါ  ပြောနေကြတဲ့ စကားကလေး တခုကတော့ “မျက်ရည်ကျရင် ယောကျာ်း မဟုတ်ဘူးတဲ့” ။ဘယ်လောက်မှားပြီး၊  ဘယ်လောက်မှန်တယ်၊ ဆိုတာတော့   သုတေသနမလုပ်မိဘူး။ ဒါပေမယ့် ခြွင်းချက်ရှိတယ်လို့တော့ ထင်မိတယ်။ တို့ သီတဂူက ဦးဇင်းတစ်ပါး အရင်နှစ်က သီရိလကာင်္ကို ပညာတော်သင် သွားတော့၊ စစ်ကိုင်းမြတ်မန္တလာထွန်း ကားဂိတ်မှာ အောက်က လိုက်ပို့တဲ့သူ့ ဒကာဒကာမတွေက ၊ လိုက်ပို့ကြရင်း၊ လွမ်းလို့ ငိုနေကြတာပေါ့။  ကားပေါ်က ဦးဇင်းကလည်း မျက်ရည်တွေ လည်နေတယ်လေ။ အဲဒီတော့ အကိုက အထက်နဲ့အောက် မြင်ကွင်းကိုကြည့်ပြီး -အော် ငါများတကယ်လို နိုင်ငံခြားကို သွားရင် ဘယ်သူတွေလိုက်ပို့လို့ ငိုပြီး၊ ငါလည်း ဘယ်လိုနေမှာပါလိမ့်နော်လို့ တွေးမိတာပေါ့။

ဒါနဲ့ နောက်နှစ် ၂၀၁၀ ရောက်တော့ အကိုလည်း ဒေလီကို ပညာသင် ထွက်လာတာပေါ့ ။ အကို ပညာသင်ထွက်လာတော့ အကို့ကို လိုက်ပို့တဲ့ ဒကာဒကာမဆိုတာ ဟို အရင်နှစ်က ဦးဇင်းလို ဒကာဒကာမတွေ မပါကြဘူး။ဒါကြောင့် အောက်ကလည်း ငိုမယ့်သူမရှိသလို၊ အပေါ်ကလည်း မျက်ရည်မ၀ိုင်းမိတော့ ဘူးလေ။ ဒါပေမယ့် ကားဂိတ်ကတော့ စစ်ကိုင်းမြတ်မန္တလားထွန်းပါဘဲ။(ကားဂိတ်ချင်းတူတယ်၊ ပညာသင်ထွက်ပုံချင် တူတယ်။နိုင်ငံဘဲကွာတာ။ အကိုတို့ကတော့ အိန္ဒိယ နိုင်ငံရဲ့ ဒေလီတက္ကသိုလ်)ဒါကြောင့် အကို့ စိတ်တွေကတော့ ဒေလီကို ဦးတည်နေတာပေါ့.။( ဒေလီဆို တာ အိန္ဒိယ နိုင်ငံရဲ့ မြို့ တော်တဲ့ အရင်တုန်းက ဒေလီ နောက် အင်္ဂလိပ်ခေတ်ရောက်တော့ အစိုးရ ရုံးတွေစိုက်ပြီး နေရာချဲ့လိုက်တော့ နယူးဒေလီ ဆိုတာဖြစ်လာတာတဲ့ အဲဒီ နယူးဒေလီကြောင့် အရင်ဒေလီက အိုးဒေလီ ဆိုပြီး ဖြစ်သွား ၊ နောက်တော့ နယူးဒေလီနဲ့ အိုးဒေလီကို ၂ ခုပေါင်းပြီး ဒေလီ ဆိုပြီး ပြန်ဖြစ်လာတာတဲ့ ဒါက ဒီရောက်မှ သိရတဲ့ ဗဟုသုတအကျဉ်းလေးပေါ့)။ ခုနက အကိုပြောနေတာက စစ်ကိုင်းဂိတ်မှာနော် ။ကာကြီးကလည်း သူ့ရဲ့ပန်းတိုင်ရန်ကုန်ကို ဦးတည်ပြီး ထွက်ခွါနေသလို၊ အကို့စိတ်ကလည်း ပန်းတိုင်ရှိရာ ဒေလီမြို့ ကို ဦးတည်နေလို့ ၊ အဲဒီအချိန်ထိ အလွမ်းတွေမပေါ်သေးဘူး လေ။

အဲဒါနဲ့ စစ်ကိုင်းကနေ ထွက် စစ်ကိုင်းဘုရားတွေကို ၂ နှစ်စာ ဆို ပြီး အငမ်းမရဖူးတာပေါ့။ ဘုရားဖူးနေတဲ့စိတ်ကြောင့်လည်း၊ အလွမ်းဆိုတာ နေရာမရသေးဘူး ။စစ်ကိုင်းကနေ အမရပူရလည်း ၀င်ရော လူနေအိမ်ခြေတွေထဲမှာ ဥာဏ်တော်ခပ်မြင့်မြင့် စေတီတဆူကိုလည်း ဖူးလိုက်ရရော ဟာ---- ငါ ဟာ မြန်မာပြည်ရဲ့ စေတီပုထိုးတွေ၊ ဆွေတွေမျိုးတွေကို စတင်ပြီး ခွဲခွာရတော့ တာပါလားဆိုပြီး---- အဲဒီကစလို့အကို့ရဲ့၊ အလွမ်းတွေ နိုးထခဲ့တော့တာဘဲလေ။ ဒါပေမယ့် မျက်ရည်တော့ မကျသေးပါဘူး။စွန်ဝဲသလို၊ ၀ဲတော့ဝဲနေပြီ၊  ကျခါနီးပေါ့။ ဒါကို အကို ထိန်းထားနိုင်ခဲ့သေးတယ်။ ဒါနဲ့ ရန်ကုန်ရောက် လေယာဉ်လက်မှတ်ရလို့ မြန်မာပြည်ကထွက်ခွါမယ့်နေ့မှာတော့။ အဖေအမေနဲ့ ဆွေမျိုး ဒကာဒကာမတွေ လူကြီးငယ်တွေ တော်တော်စုံစုံလင်ပါလာတာပေါ့လေ။ သူတို့လည်း လေယာဉ်ကွင်းကို လိုက်ပို့ကြ။ အမှတ်တရ ဓာတ်ပုံတွေရိုတ်ကြပေါ့ ။ အဲဒါလေးတွေပြီးလို့ လေယာဉ်ကွင်းထဲဝင်ရတော့မယ်ဆိုတော့ ၊ ကိုယ်ယူထားတဲ့ ၊တွန်းလှည်းလေးပေါ်ကိုယ့်ပစ္စည်းလေးတွေတင်၊ ကို့အိတ်ကို ကို ဆွဲပြီး ကောင်တာမှာ သွားပြီး တန်ချိန်စစ် luggage လုပ်သင့်တာလုပ်ပေါ့။ အဲဒီလို အလုပ်ရှုပ်နေတော့ အဖေအမေတို့ကို သတိမရနိုင်ဘူးလေ။အင်း--  အဲဒါလေးတွေလည်းပြီးလို့၊ နောက်ကိုလည်း လှည့်ကြည့်လိုက်ရော -- ---အတွင်းခရီးသွားသူ၊ အပြင်ကလိုက်ပို့သူတွေကို ၊စီးခြားထား၊ ကာထားတဲ့ မှန်ပြားကြီးပေါ်မှာ၊ နှဖူးနဲ့ လက်တင်ပြီး ဦးဇင်းကို လှမ်းမျှော် ကြည့်နေကြတဲ့ မိဘဆွေမျိုးတွေရဲ့ ကြောင်တောင်တောင် ငေးကြည့်နေကြတဲ့ သံယောဇဉ် မျက်ဝန်းပေါင်းစုံကို တွေ့မိ မြင်မိသွားတာပေါ့၊ အဲဒါနဲ့ အကိုလည်း သွားပြီး နှုတ်ဆက်စကားပြောဦးမှဘဲ ဆိုပြီး သူတို့ရှိနေတဲ့ မှန်ပြင်နား ခပ်သုတ်သုတ်သွားပြီး အကိုကစပြီး ‘ သွား- တော့ မယ် နော် “ လို့ နှုတ်ဆက် စကားပြောမိတာပေါ့လေ။ ဒါပေမယ့် အဖေတို့ အမေတို့တတွေက ဘာမှပြန်မပြောကြဘူးလေ။ ဘယ်ပြော နိုင်ပါ့မလဲ။ မှန်ပြင်ကြီးက ချားထားတာဆိုတော့ မြင်တာမြင် မကြင်ရဆိုတာလို သူတို့တွေဟာ အကိုပြောခဲ့တဲ့ နှုတ်နဲ့ဆက်သွယ်ပြီး ပြောခဲ့တဲ့ အကို့ရဲ့ နှုတ်ဆက်စကားကို ဘယ်ကြားနိုင်ပါ့မလဲ။ ဒါကို အကိုက မသိခဲ့ဘူးလေ၊သတိမထားမိဘူးပေါ့၊ အကို့ရဲ့ စိတ်ကူးက လက်ချင်းဆွဲ၊ရင်ချင်းဟတ်ပြီး နှုတ်ဆက်ခွင့်မရရင်တောင်မှ နှုတ်ကလေးနဲ့တော့ ဆက်သွယ်ခွင့် ရမယ်။ဒါကြောင့် ငါလည်း ပြောမယ်  အမေတို့လည်း ပြော။ အမေတို့လည်း နားထောင်၊ ငါးလည်းနားထောင်မယ် မိဘနဲ့သားသမီး အကိုနဲ့ ညီမ ။ ဆရာ နဲ့ ဒကာ  တ၀ကြီးပြောကမယ်ပေါ့ ။ ခုတော့ အအဲလိုမဟုတ်ဘူး အဲဒီအချိနှ်မှာ အကိုယ့်အဖြစ်က ဘာနဲ့တူလည်း သိလား မှန်ပြတင်းအကြည်တွေတတ်ထားတဲ့ အဆောက်ဦးကြီးတွေမှာ မှီခိုနေကြတဲ့ စာလေးတွေ ခိုလေးတွေလိုပါဘဲ။ သူတို့လေးတွေဟာလေ သူတို့နေနေတဲ့ အဆောက်ဦးထဲကနေ အပြင်ကို ထွက်ချင်ကြတဲ့ အခါ မှန်ကိုလည်း မှန်မှန်းမသိဘဲ နဲ့ သူတို့ရဲ့ ပျံသန်းနေကြအရှိန်အတိုင်း သူတို့ လမ်းကြောင်းမှာ ဘာအတားအဆီမှ မရှိဘူးဆိုပြီး အားနဲ့ မာန်နဲ့ပြန်သန်းထွက်လိုက်တဲ့ အခါ မှာ သူတို့တွေ ဟာ ရှေ့က ကာဆိးထားတဲ့ မှန်အကြည်ပြင်ကြီးကို ခေါင်းနဲ့ တို့မိကြတာ ရင်နဲ့ဆာင့်မိကြတာလေ။ တချို့တတွေကျတော့လည်း လမ်းကြောင်း ပြောင်းကြတယ်။ တချို့တလေကျတော့လည်း လမ်းကြောင်းမပြောင်းဘဲ မှန်မျက်နှာပြင်ကိုဘဲ ဝေဟင်မှတ်ပြီး အကြိမ်ကြိမ် ခေါင်းတိုးမိ  ရင်ခွေ့မိကြတဲ့အခါ ၊သူတိ့လေးတွေခမျာ ခေါင်းကွဲပြီး သေသွားရှာကြတဲ့ မှန်နန်းစံအိမ်မှာ နေကြတဲ့ စာလေးတွေ ငှက်လေးတွေကိုအကို ခဏခဏတွေ့ဖူးတယ်လေ တယ်လေ။ ညီမလည်း တွေ့ဘူးမှာပါ။ ဒါကြောင့်  ---

အော်- ငါ -ဟာ အခုတော့လည်း ငါတွေ့ဖူးတဲ့ စားလေးတွေ ခိုလေးတွေလို ပါဘဲလားလို့ တွေ့မိသွားတယ်လေ ။ ဒါမေမယ့် အကိုဟာ အသိဥာဏ်ရှိတဲ့ လူသားတစ်ယောက်ပါ။ ခေါင်းအကွဲခံပြီး နံရံကို ခေါင်းနဲ့လည်း မတိုးဝှေးဘူး လက်သီးနဲ့ လည်း မထိုး ပစ်ဘူး ။ဒီတော့ အကို ဘာလုပ်လဲ သိလား။ စကားမပြောရ စာနဲ့ရေးမယ်ဆိုပြီး စာအုပ်နဲ့ ဘောပင်ကို ရှာလိုက်တယ်။ ကံဆိုး ကံကောင်းတ၀က် စီဘဲ handcarry ထဲမှာ ဘောပင်သာပါလာပြီးတော့ စာအုပ်က ပါမလာဘူး luggage ထဲမှာ ပါသွားတယ်လေ။ ဒါနဲ့ အကိုလည်း ဘယ်ရမလဲ စာရေးစရာ လိုက်ရှာလိုက်တာ နဲနဲခြောက်နေတဲ့ ။ မျက်နှာသုတ် တစ်ရှုးလေး ကို သတိရပြီး စာလေးရေးပြလိုက်တယ် " မြင်နေရပြီး စကားပြောလို့ မရတာ ၀မ်းနည်း လိုက်တာ" လို့ဆိုပြီး ရေးပြလိုက်တယ် ( ခရုမှာလည်း အဆံနဲ့ လူမှာလည်း အကြံနဲ့လေ) အဲဒီလို ရေးပြနေတဲ့အချိန်တို အတွင်းလေးမှာဘဲ ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ မျက်ရည်တွေက ငါ့မျက်ဝန်းကနေ အပြင်ထွက်ဘို့ သူ့ထက်ငါ အလုအယက်ဝိုင်းပြုံပြီး တိုးဝှေ့နေကြပြီလေ ။ အကို့မျရည်တွေဝဲနေ ၀ိုင်းနေပြီ  ညီမ။

ဒါကြောင့် အကိုလည်းအမေတို့ ၀မ်းနည်းမှာ စိုးလို့ မှန်နားကနေ ချက်ခြင်းအမြန်ခွာ ခေါင်းကိုမော့ပြီး နောက်ကိုဆုတ်ခဲ့တယ်၊ (၀မ်းနည်းတာ ခေါင်းမော့စရာလားလို့ မတွေးလိုက်နဲ့ ခေါင်းမမော့ရင် ငါ့မျက်ရည်တွေ အမေ့တို့ရှေ့မှာ တောက်တောက်ကျတော့မှာလေ။ ငါမျက်ရည်တောက်တောက်ကျရင် ငါ့ကိုချစ်တဲ့ မွေးမိခင် ငါ့အမေမျက်ရည်တွေဟာ အိုင်ထွန်းသွားမှာပေါ့) ခေါင်းမော့ နောက်ဆုတ်ပြီး လေယာဉ်ကွင်းရဲ့ မျက်နှာကျက်ကို မျက်တောင်ခဏခဏ ပုတ်လို့ကြည့်ရင်း အကို့မျက်ရည်တွေက မျက်တောင်တွေ မျက်ခမ်းတွေနားလောက်တင်ဘဲ စိုစွတ်ရုံနဲပြီးသွားခဲ့တာပေါ့။ ဒါနဲ့ နောက်တကြိမ်  သက်ပျင်းရှည် တချက်ချ ၊ အားတင်းပြီး မှန်အနားကို ပြန်သွား စာလေးတွေ ခိုလေးတွေလို မသိလို့တော့ မဟုတ်ပါဘူး။ အမေတို့ အဖေတို့ကို နှုတ်ဆက်ဘို့ပေါ့ မှန်နားကို ရောက်ပြန်တဲ့ အခါ ၊ မျက်ရည်တွေကလည်း သူတို့ကျရမယ့် သူတို့ စီးဆင်းရမယ့် ၊ နေရာကို တမင်မှတ်မိနေသလို တောက်ရှောက် ချက်ချင်းရောက်လာကြပြန်တော့ တာပါဘဲ။ အဲဒီအခါ ငါ ဟာ ငါ့ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ငါ့မျက်ရည်တွေကို ငါ မတားနိုင်ခဲ့တော့ဘူး။

ဒါကြောင့် ဒုတိယအကြိမ်ခေါင်းမော့ပြီး နောက်ဆုတ်ခဲ့ရတာပေါ။ ဒါကြောင့် အကိုတွေးလိုက်တာက “ဟာ မှန်တိုင်းလည်း မကောင်းဘူး “လို့လေ၊ အကိုတို့ကို တားထား ခြားထားတဲ့မှန် တချပ်ဟာ အကိုနဲ့  မိဘဆွေမျိုးတွေကြားမှာ ကမ္ဘာကြီးတခုခြားထားသလို ခံစားရတယ် ညီမလေးရာ။ ဒါကြောင့် မှန်တိုင်းမကောင်းဘူးလို့ လေ။ အဲဒီဒုတိယ အကြိမ်နောက်ပြန်ဆုတ် လမ်းလျှောက်ချိန်မှာတော့ အကို့မျက်ရည်တွေဟာ မော့ထားထားတဲ့ ခေါင်းပေါ်မှာ မနေတော့ဘူး၊ မျက်နှာကျက်ကို မော်ကြည့်နေတဲ့ အကို့ မျက်နှာပြင်ပေါ်ကနေ တအီအီမည်ပြီး ကဆုန်ပေါက်ကာ ၊ဆင်းသွားကြလေရဲ့။ ဒီတော့ အကို အဖြစ်ဟာလေ ၊ မှန်ပြင်ကို ဝေဟင်ထင်ပြီးတော့ တို့ဝှေ့ကြတဲ့ ငှက်ကလေးတွေလို  ခေါင်းတို့ ရင်တို့ကွဲပြီး အဖြစ်ဆိုးနဲ့ ၊ အသက်မဆုံးရှုံးခဲ့ရပေမယ့် ရင်ထဲမှာတော့ ခုချိန်ထိ အနာ မကျက်သေးဘူး ညီမလေး။ မျက်ဝန်းထဲ မှာ အမေနဲ့ ကိုယ့်နိုင်ငံကိုယ့်ပြည်ကိုလွမ်းတဲ့ မျက်ရည်တွေ ခုတောင် တွေးရင်း ရေးရင်း၊ အောက်ဆင်းကျဘို့ နေရာအနှံ့မှာရှိနေကြတုန်း လေ ။ ပြန်တွေးမိတဲ့ ခုချိန်ထိ မျက်ရည်ဝိုင်းနေသေးတယ်။ အကို အခုမေ နဲ့မြန်မာပြည်ကိုလွမ်းလို့ ဒေလီမှာ မျက်ရည်ကျနေမိတယ် ။ ညီမလေးရေ “ အကိုက ယောကျာ်ဖြစ်ရဲ့သားနဲအကို အခုမေ နဲ့မြန်မာပြည်ကိုလွမ်းလို့ ဒေလီမှာ မျက်ရည်ကျနေမိတယ် ။ ညီမလေးရေ “ အကိုက ယောကျာ်ဖြစ်ရဲ့သားနဲ့ ဦးဇင်းတစ်ပါး ဖြစ်ရဲ့သားနဲ့ အကို ငိုနေတယ်လို့ အမေကို မပြောလိုက်နဲ့နော် ။အကိုငိုတာမဟုတ်ပါဘူး လွမ်းလို့ မျက်ရည်ကျမိတာပါ ။ဘာလို့လဲ ဆိုတော့ အကိုမျက်ရည်ကျတာသိရင် အမေငိုမှာစိုးလို့ပါ ညီမလေးရာ။”အကိုကတော့ ဒေလီကိုသွားတဲ့ပြည်ထွက်ခရီးမှာ လွမ်းလို့ စီးကျလာခဲ့ရတဲ့ မျက်ရည်လေးတွေမို့ ဒါလေးတွေကို “ဒေလီအလွမ်း “ လို့ နာမည်ပေးလိုက်ပြီ ညီမလေးရေ--- ---------။

                                       အချစ်ကိုမမေ့ဖို့ထက် ၊အမေ့ကိုချစ်ဖို့က ပိုတန်ဖိုးကြီးပါတယ်။
                                                     အရှင်ဉာဏ၀ရ (M.A part 1)
                                                           ဒေလီတက္ကသိုလ်၊
                                                                 အိန္ဒိယ။




No comments:

Post a Comment